Wednesday, February 17, 2016

အထိနာရော်ဘာဈေး အစိုးရ ကုစားပေးရန် တောင်သူတို့မျှော်လင့်နေ

18.2.2016
မြန်မာနိုင်ငံ၏ ရော်ဘာ အဓိက စိုက်ပျိုးနေသော ဒေသများ ဖြစ်သောမွန်ပြည်နယ်နှင့် တနင်္သာ ရီတိုင်းအတွင်းရှိ ရော်ဘာခြံငယ် ပိုင်ရှင် စိုက်ပျိုးသူများသည် ရော်ဘာဈေးကျဆင်းမှုများကြောင့် အထိနာလျက်ရှိပြီး အစိုးရအနေဖြင့် အဆိုပါအခြေအနေကို ကုစား ပေးရန်အတွက်မျှော်လင့်နေကြောင်း ပြောဆိုသည်။ လက်ရှိတွင် ရော်ဘာဈေး နှုန်းကျဆင်းခြင်းကြောင့် ရော်ဘာစေးခြစ် အလုပ်သမား များရှားပါးသည့် အခက်တွေ့ကြုံနေရပြီး အချို့ရော်ဘာခြံများမှာ ပိတ်ထားကြောင်း၊ အချို့ခြံများမှာ အထက်အညာဒေသမှ ရွှေ့ပြောင်းလုပ်သား များကို ငှားရမ်းကာ လုပ်ကိုင်နေရ ကြောင်း သိရသည်။

”ရော်ဘာဈေးတွေ ကလည်းကျနေတယ်။ အလုပ်သမားစရိတ် က လည်းကြီးလာတယ်။ အဲ့ဒီတော့ ရော်ဘာတောင်သူတွေ ရပ်တည် ရခက်ခဲလာတာပေါ့။ ထိုင်းအစိုးရ တောင် သူတို့တောင်သူတွေအ ခက်ကြုံမှာစိုးလို့ ဈေးတစ်မျိုးနဲ့ ဝယ်ပေးတာတွေ ရှိတယ်။ မြန်မာ နိုင်ငံမှာ ရောင်းရတာကလည်း တရုတ်ကိုပဲ ရောင်းရတာ။ ဒီကြားထဲ ဘာမှလဲ ကုန်ချောမလုပ်နိုင်တော့ပိုပြီး အထိနာတာပေါ့။ အစိုးရအနေနဲ့ တစ်ခုခုစီစဉ်ပေးဖို့ မျှော်လင့်မိတယ်”ဟု ရော်ဘာခြံ ပိုင်ရှင်ကြီး ဦးမင်းအောင်က ပြောသည်။

မွန်ပြည်နယ်တွင် တရုတ်နှင့် အကျိုးတူ လုပ်ဆောင်သော ရော်ဘာအဝယ်ဒိုင်များမှ မုဒုံ၊ သထုံ၊ ရေးစသောဒေသအသီးသီးမှထွက် သောရော်ဘာစိမ်းများကို တစ်ဆင့်ခံဝယ်ယူရောင်းချကြပြီး တချို့ရော်ဘာအဝယ်ဒိုင်များက ရော်ဘာသန့်စင်စက်ရှိသော အဝယ်ဒိုင်တစ်ခု၊ နှစ်ခုမျှသာ ရော်ဘာစိမ်းများကို သန့်စင်သော RSS 1, 2 ,3 ပြုလုပ်နိုင်ခြင်းကြောင့် ဥရောပနှင့် ဂျပန်နိုင်ငံသို့ အနည်းငယ်သာပို့ဆောင် ခွင့်ရပြီးရော်ဘာကုန်ကြမ်းအများ စုဖြစ်သော ၇ဝ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။

”ခုဆိုရင် ရော်ဘာခြံတွေက တစ်ဝက်လောက်က ရပ်ထားရပြီ။ ရော်ဘာစေးခြစ်တဲ့သူတွေလည်း ထိုင်းကို ပြောင်းပြီးအလုပ်လုပ်ကုန်တော့ ဈေးကကျ၊ လုပ်သား မရှိနဲ့ပြဿနာတွေကတော့ အများကြီးပဲ”ဟု ရော်ဘာလုပ်ငန်းရှင် များအသင်းမှ နိုင်ကျန်ရစ်က ပြောသည်။ လက်ရှိအချိန်တွင် ရော်ဘာ ဈေးနှုန်းများသည် RSS တစ်ပေါင်လျှင် ကျပ် ၆ဝဝဝန်းကျင်ရှိပြီး လွန် ခဲ့သောသုံးနှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ၃ ဆနီးပါးကျဆင်းခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment