Thursday, March 3, 2016

မွန်ပြည်နယ်တွင် နှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၄၀ နီးပါးဖြစ်ပွား၊ လူ ၅၀ ကျော်သေဆုံး

3 March 2016
မွန်ပြည်နယ်၌ ယခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၁၃၈ မှုဖြစ် ပွား ခဲ့ပြီး အဆိုပါဖြစ်ပွားမှုများမှ လူဦးရေ ၅၀ ကျော်သေဆုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်း ဒုတပ်ဖွဲ့ စုမှူးရုံး ထံမှ သိရသည်။

နှစ်လအတွင်း မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်၌ ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ရာတွင် ဆိုင်ကယ် မတော်တဆမှု ၇၀ ၊ မော်တော်ယာဉ် မတော်တဆမှု ၆၄ မှု နှင့် ထော်လာဂျီယာဉ်မတော်တဆမှု ၄ မှုဖြစ်ပွား ခဲ့ပြီး လူ ၅၇ယောက်သေဆုံး၍ ၂၁၃ ယောက်ဒဏ်ရာရရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၅၈သိန်းကျော် ရှိခဲ့ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်းဒုတပ်ဖွဲ့စုမှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ကယ်စီးရာတွင် ဦးထုပ် မဆောင်းခြင်း၊ မေးသိုင်းကြိုးမတပ်ခြင်း၊ အရက်သေစာသောက်စား၍ သတ်မှတ် အရှိန်ထက် ပိုမောင်းနှင်ခြင်း နှင့် စည်းကမ်းမရှိ မဆင်မခြင်မောင်းနှင်ခြင်းများကြောင့် မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပွား လာခြင်းဖြစ်ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်းဒုတပ်ဖွဲ့စုမှူးရုံး တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ထို့ကြောင့် ယာဉ်မတော်တဆမှုလျော့နည်းစေရန် မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် ပတ်သက်သော ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့အပြင် နှစ်အလိုက် ယာဉ်မ တော်တဆဖြစ်ပွားမှု ဇယားများကို မြို့နယ် လမ်းဘေးများတွင် ပြည်သူများသိရှိစေရန် စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်ခရိုင် ယာဉ်ထိန်းဒုတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

၂၀၁၅ ခုနှစ် အတွင်း မွန်ပြည်နယ်တွင် မော်တော်ယာဉ်မတော်တဆမှု၂၆၃ မှု၊ ဆိုင်ကယ်ဖြင့်ဖြစ်ပွားမှု ၃၅၆မှု၊ ထော်လာဂျီယာဉ်ဖြစ်ပွားမှု ၂၆မှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၂၆၆ယာက်၊ ဒဏ်ရာရသူ ၁၁၀၂ ယောက် ရှိခဲ့သည်။

Written by – ဟိန်းထက်
Credit :‪#‎HintharMedia‬

No comments:

Post a Comment