Thursday, March 3, 2016

ပျားတောင်ဒေသခံ ၄ ထောင်ကျော် MCL ကို ကန့်ကွက်လက်မှတ်ရေးထိုး

3 March 2016

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် ဆောက်လုပ်လျက်ရှိသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လည်ပတ်ရန်အတွက် ကျောက်မီးသွေးအသုံးပြုမည်ကို ဒေသခံ ၄ ထောင်ကျော် ကန့်ကွက်လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ထိုသို့ ကျောက်မီးသွေးအသုံးပြုခြင်းနှင့် ပတ်သက်၍၊ ဘိလပ်မြေစက်ရုံအနီးတဝိုက်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော့ရွာ၌ မတ်လ (၁) ရက်နေ့တွင်၎င်း၊ နိတုံကျေးရွာ၌ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့တွင်၎င်း ကျောက်မီးသွေးအကြောင်း ပညာပေးဟောပြောမှုများပြုလုပ်ခဲ့ပြီး စုပေါင်းကန့်ကွက်လက်မှတ်ရေးထိုးကြသည်ဟု ဟောပြောပွဲဖြစ်မြောက်ရေးလှုပ်ရှားသူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မိစန္ဒာနွန်က “ ကျောက်မီးသွေးအသုံးပြုတာကို ဒေသခံတွေ လက်မခံဘူး။ မလုပ်ဖြစ်အောင်ကို ဆန့်ကျင်သွားမယ်။ ကျောက်မီးသွေးအသုံးပြုမှာကို ဒေသခံတွေကို အသိပေးပြောပြခဲ့တာမရှိဘူး။ သူတို့အကွက်ချပြီး လှည့်စားသွားတယ်။ သံဃာတော်တွေလည်း လုံးဝလက်မခံဘူး။ သံဃာတွေကိုယ်တိုင် ဦးဆောင်ပြီး ပညာရှင်တွေကို ဖိတ်ခေါ်တယ်၊ လူထုတွေသိအောင် ဟောပြောရှင်းပြစေတယ်” ဟု ဆိုသည်။

အဆိုပါ ပူးပေါင်းကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ဒေသခံမွန်ရဟန်းသံဃာတော်များ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပျားတောင်ဒေသအနီးတဝိုက်ရှိ နိတုံ၊ ကော့ဒွန်း၊ ကော့ပနော့၊ ပေါက်တော၊ ကွမ်ငန်း၊ ကော့ဝမ်း၊ အလှိုက် စသည့်ဒေသခံပြည်သူတို့၏ အသံကို တရားဝင်ဖြစ်မြောက်စေရန် အစိုးရထံတို့ တင်ပြသွားမည်ဟုလည်း သိရှိရသည်။

Credit :#မွန်သတင်းအေဂျင်စီ
Writer -#ကလျာ

No comments:

Post a Comment